-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Monday, May 20, 2013

“ အဘိဓမ္မာသင်တန်း ”

မဟာသကျအတုလမာရ်အောင် ငါးထပ်ကြီး မြတ်စွာဘုရား
မဟာသဒ္ဓမ္မဇောတိကဓဇ ဆုထူးပန် ဆရာကြီး ဦးဟန် ၏
ဆုထူးပန် အဘိဓမ္မာသင်တန်း




     ဆရာကြီး ဦးဟန် ၏ ဆုထူးပန် အဘိဓမ္မာသင်တန်းအား 18.5.2013 ရက်နေ့ (စနေနေ့) မှစတင်တွင်၍ ငါးထပ်ကြီးဘုရား၌ စတင်ဖွင့်လှစ်နေပြီဖြစ်ပါသည်။ 

      အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များတွင် နံနက် ၈ နာရီ မှ နေ့လည် ၁၂ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

     18.5.2013 (စနေ)၊ နှင့် 19.5.2013 (တနင်္ဂနွေ) နေ့တို့တွင် အဘိဓမ္မာမိတ်ဆက်အားသင်ကြားပို့ချခဲ့ပြီဖြစ်ပါသည်။ 
လာမည့် 25.5.2013 (စနေ)၊ နှင့် 26.5.2013 (တနင်္ဂနွေ) နေ့မှစတင်၍ အဘိဓမ္မာတရားများကို စတင်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

     အဘိဓမ္မာသင်တန်းအပြင် ဋီကာကျော် သင်တန်း နှင့်ဝိသုဒ္ဓိမဂ်သင်တန်းတို့ကိုလည်း
စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း online ပေါ်မှ ဓမ္မမိတ်ဆွေများအား 
အသိပေး တိုက်တွန်း နှိုးဆော်အပ်ပါသည်။ 

ဘ၀တိုးတက်ရေးနှင့်လွတ်မြောက်ရေးအတွက် အဘိဓမ္မာသင်ယူရန် လိုအပ်သည်။

ပုံပေါ်ကလစ်နှိပ်၍ Zoom ချဲ့ကြည့်နိုင်ပါသည်။

Monday, May 13, 2013

“ အရဟံ ဂုဏ်တော် အနက် (၅) မျိုး ”



အရဟံ

၁။ ၀ါသနာအငွေ့ဓါတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီးဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၂။ တစ်ထောင့်ငါးရာ ကိလောသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျှက်ဖြင့် ချိုးဖဲ့ ဖျက်ဆီးတော်မူတတ်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၃။ အ၀ိဇ္ဇာ တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ အထောက်အကန့်တို့ကို ချိုးဖဲ့ ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၎။ သူမတူသော သီလ၊ သမာဓိ၊ ပညာ ဂုဏ် သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ မြတ်သောအလှူ ပူဇော်ထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


အရဟံ

၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုဟူသမျှတို့ကို ပြုတော်မမူ၊ ပြောတော်မမူ၊ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် “ အရဟံ ” မည်တော်မူပါပေသော မြတ်စွာဘုရား။


Saturday, April 20, 2013

“ သည်းခံခြင်းနှင့် အောင်မြင်ခြင်း ”



ဤလောက၌ ဆန်းကြယ်များပြားလှသော အာရုံတို့သည်လည်းကောင်း၊ ရာဂနှင့်စပ်သော တင့်တယ်ဖွယ်ရာသည့် ကာမ၀ိတက်တို့သည်လည်းကောင်း၊ ထွေးလုံးရစ်ပတ် အချင်းချင်း ဆက်စပ်၍ နေကြလေ၏။ နွေဥတု၏ နောက်ဆုံးလ၌လေကြောင့် တက်ကြွလာသော မြူ၊ ဖုန်တို့ကို မိုးကြီးသည် ရွာသွန်းနှိမ်နှင်းပစ်လိုက်နိုင်သကဲ့သို့ အရိယာသူတော်ကောင်းသည် ထိုထိုဆန်းကြယ်သော ကာမ၀ိတက်အာရုံတို့ကို ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုမြင်ခြင်းဖြင့် မိစ္ဆာဝိတက်တို့သည်ငြိမ်းကုန်၏။
          ရာဂတည်းဟူသော ကျော့ကွင်းသည်လည်းကောင်း၊ မြဲမြံခိုင်ခံ့သော ငြှောင့်တံသင်းငါးမျိုးတို့သည်လည်းကောင်း၊ ဖောက်ခွဲနိုင်ခဲလှသည့်တောင်နှင့်တူသော အ၀ိဇ္ဇာသည်လည်းကောင်း ရှိပေ၏။ အကြင်ပုဂ္ဂိုလ်သည် စိတ်၏ ငြှောင့်တံသင်းငါးမျိုး၊ ရာဂကျော့ကွင်း၊ အ၀ိဇ္ဇာတောင်တို့ကို ဖောက်ခွဲဖြိုဖျက်လျှက် ဈာန်ဝင်စားကာ သြဃလေးပါးကိုကူးမြောက်၏။ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဘက်ဆီသို့ရောက်လေ၏။ ထိုပုဂ္ဂိုလ်သည် မာရ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်လေတော့၏။
          လျှပ်ပေါ်လော်လီသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သောအဆွေခင်ပွန်းတို့ကို အမှီပြု၍ သံသရာတည်းဟူသော ကြီးစွာသော ရေအလျဉ်၌ အမျက်ထွက်ခြင်းစသော လှိုင်းတံပိုးတို့လွှမ်းမိုး ဖိစီးခံရလျှက် နစ်မြုပ်ရ၏။ လျှပ်ပေါ်လော်လီခြင်းမရှိသော မိမိ သူတစ်ပါးအကျိုးစီးပွား၌ လိမ္မာသောဣနြေ္ဒတို့ကို စောင့်စည်းထားသော အဆွေခင်ပွန်းကောင်းရှိသော ပညာရှိပုဂ္ဂိုလ်သည် ဆင်းရဲ၏အဆုံးကို ပြုနိုင်လေ၏။
          ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ ထိခိုက်ပုတ်ခတ်ခြင်းကို သည်းခံလျက် တစ်ဘက်မှ ရန်သူတို့ကို ဖျက်ဆီးလေသကဲ့သို့ အကြင်ရဟန်းသည် ဆိတ်ငြိမ်ရာ တောအရပ်၌ သတိနှင့် ပြည့်စုံသည်ဖြစ်၍ ခြင်၊ မှက်၊ ကင်း၊ သန်း တို့တွေ့ထိကိုက်ခဲမှုကို သည်းခံလျှက် ကိလေသာမာရ်စစ်သည်တို့ကို ဖျက်ဆီးရာ၏။
(အရှင်ကောဏ္ဍညမထေရ် - သောဠသကနိပါတ် - ၁)

မေတ္တာရှင်(ရွှေပြည်သာ) - လူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ - ၈၊ စာမျက်နှာ ၆၆ - ၆၇ မှထုတ်နှုတ်ဖော်ပြပါသည်။