-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Sunday, January 6, 2013

“မဂ္ဂင်ရှစ်ပါး နှင့် ညီအောင် ရှုမှတ်ပုံ”


     ဘုရားသာသနာတော်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့ တခြားကျင့်စရာမရှိဘူး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာကလည်းပဲ လူတိုင်း လူတိုင်း သန္တန်မှာ အခြေခံအားဖြင့်ရှိနေတဲ့ တရားပဲ။ ရှိနေတဲ့ တရားကို အရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။ ကိုယ့်သန္တန်မှာ ဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊ ဘုန်းကြီးတို့တတွေမှာ ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်နော်၊ အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာဆိုတဲ့ ခံစားချက်တွေရှိတယ်။ မှတ်သိမှု တွေးကြံမှုဆိုတဲ့ သဘာဝဓမ္မတွေရှိတယ်။

      ဪ ကိုယ့်သန္တန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို သူ့သဘာ၀ အတိုင်းမြင်အောင် ရှုမှတ်ပွားများနေတာဟာ မဂ္ဂင်ရှစ်ပါးကျင့်နေတာပဲ ဖြစ်တယ်။ ဥပမာ ထွက်လေဝင်လေ လေးကို ရှုနေလို့ရှိရင် ကာယာနုပဿနာပဲ၊ ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကိုရှုနေလို့ရှိရင် ဝေဒနာနုပဿနာ၊ ကိုယ့်သန္တန်မှာဖြစ်တဲ့ လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကိုရှုမယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာ၊ ကျန်တဲ့ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေ စသည် ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ၊ အဲဒီလို မိမိသန္တန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်ဖို့လိုအပ်တယ်တဲ့။

      အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဌိလို့ခေါ်တာ၊ သမ္မာဒိဌိဆိုတဲ့ အမှန်မြင်ဖို့အတွက်ဘာလုပ်ရမလဲ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ကြိုးစားဖို့လိုအပ်တယ်၊ ဒါက သမ္မာဝါယာမ ထို ကြိုးစားတဲ့အခါမှာ စိတ်စိုက်ဖို့လိုအပ်သေးတယ်၊ ဒါက သမ္မာသတိ၊ အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိတဲ့၊ ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊ ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊ “ ကာရာပကမဂ္ဂင် ” သို့မဟုတ် “ ကာရကမဂ္ဂင် ” လို့ခေါ်တယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါမှာ ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီဆိုလို့ရှိရင် သဘာဝတွေကိုအမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။

      ဆိုပါစို့ ထွက်လေဝင်လေလေးကို ရှုမှတ်နေတယ်ဆိုလို့ရှိရင် ထွက်လေဝင်လေလေးကို သူ့သဘာဝလေးအတိုင်း မသိ သိအောင် ကြိုးစားတာ သမ္မာဝါယာမ၊ ထို ဝင်လေထွက်လေ လေးကို အမြဲတမ်းသတိကပ်ထားတာက သမ္မာသတိ၊ ထိုထွက်လေဝင်လေ လေးကို အာရုံတစ်ခုထဲပေါ်မှာ စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ၊ ထွက်လေ ဝင်လေ လေးရဲ့သဘာဝကို စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ တဲ့။

      ဟော အဲဒီလိုလေးခုပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် သမ္မာဒိဌိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဌိ၊ ထွက်လေဝင်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဌိ ဆိုတာပေါ်လာတယ်၊ အဲဒီလိုအမှန်မြင်လိုက်တယ်ဆိုတာ ထွက်လေ ဝင်လေ လေးဟာသူ့သဘာဝပဲ၊ ထွက်လေဝင်လေပဲ “ ငါမဟုတ်ပါလား ” ဆိုတာမြင်လာတယ်၊ ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။ အဲဒီ အမှန်မြင်လိုက်တဲ့အခါ ကျတော့မှ ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ပက်သက်လာပြီးတော့ အမှန်မြင်လာတာနဲ့ တစ်ပြိုင်တည်း “ ငြီးငွေ့မှု ” ဆိုတာပေါ်လာတယ်။ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ “ တွယ်တာမှု ” ဆိုတာမရှိတော့ဘူး။ တွယ်တာမှု မရှိတာနဲ့ တစ်ပြိုင်နက် “ လွတ်မြောက် ” သွားတာပဲလေ။

      အဲဒီလိုအဆင့်ဆင့်အကျိုးရှိသွားအောင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ ဆိုတဲ့ သတိပဌာန်အာရုံ လေးပါးအပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိတို့အားလပ်တဲ့အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံးပေါ်လာကြမှာပါတဲ့။ အဲဒီလို ပေါ်လာတဲ့အခါမှာ ဝိမုတ္တ လွတ်မြောက်မှုဆိုတာကို ရမှာဖြစ်ပါတယ်။


“ အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)၊ တရားမြတ်ဒေသနာ၊ အမှတ်စဉ် (၁)၊ ရှစ်ယောက်နှင့်တစ်ယောက် တရားတော် စာမျက်နှာ ၃၈ မှ ၄၀”

No comments:

Post a Comment