အပိုင် အငှား ခွဲ၍ထား
မိမိ၏ဘ၀၌ လုပ်နေရသော အလုပ်အားလုံးကို အပိုင်းငှား ခွဲခြားပေးသောအရာကား
မိမိ၏အသိစိတ်သာဖြစ်သည်။ ကိလေသာစိတ် နှင့် အစီအစဉ်ကင်းမဲ့သော စိတ်အားလုံး
အငှားစိတ်ချည်းသာဖြစ်တော့၏။ အငှားစိတ်ဝင်နေလျှင် ဘုရားကျောင်းကန်ကိစ္စပင်
အငှားအလုပ်ဖြစ်နေတတ်သည်။
သဒ္ဓါတရားက ဖော်ထုတ်ပေးသော စိတ်ကောင်းစိတ်မြတ်သည်
အပိုင်စိတ်ဖြစ်သည်။ ကိုယ်ပိုင်အလုပ်ကိုလုပ်ပေးနိုင်သဖြင့်
ကိုယ်ပိုင်စိတ်ဟုဆိုရသည်။ သဒ္ဓါကစိတ်ကောင်းဖော်ထုတ်ပေးလိုက်လျှင်
ပညာဖြင့်အကွက်ချကာ သတိဖြင့်ထိန်း၍ ၀ီရိယဖြင့် တွန်းပေးလိုက်လျှင်
ကိုယ်ပိုင်စွမ်းအားတရားများ ပေါ်လာရပေသည်။ ကိုယ်ပိုင်စိတ်များ ပေါ်လာရပေသည်။
ကိုယ်ပိုင်စိတ်များ ဖြစ်နေချိန်၌ ကောင်းမှုကိစ္စသာမက နေ့စဉ်လုပ်နေကျ
စားဝတ်နေရေး, စီးပွားရေး, လူမှုရေး ကိစ္စအားလုံးပင် ကိုယ်ပိုင်အလုပ်သာ
ဖြစ်နေတတ်သည်။
သာမာန် အကြမ်းအားဖြင့် (၁) ခန္ဓာ (၂) ပစ္စည်း (၃) ဆွေမျိုး (၄) လုပ်ပိုင်ခွင့် ဤ(၄)မျိုးသည် အငှားဖြစ်သည်။
အငှားဟူသမျှသည် -
(၁) အချိန်ကန့်သတ်ချက်ပါနေသည်။ ကိုယ့်စိတ်ကြိုက်ကန့်သတ်၍လည်း မရ၊ သူတပါးတွေက ကန့်သတ်ပေး၍လည်း မဖြစ်၊
သူ့ဟာသူတရားသဘောဖြင့် ကန့်သတ်ထားခြင်းသာဖြစ်သည်။
(၂) အချိန်စေ့လျှင် ပြန်အပ်ရမည်။ ကိုယ်ပိုင်တရားစွမ်းအားနည်းသလောက် မျက်နှာငယ်ကလေးနှင့် ပြန်အပ်ရမည်သာဖြစ်သည်။
(၃) အငှားများသည် မိမိကို အငိုတိတ်အောင်အကြောက်ပြေအောင် အပူငြိမ်းအောင် သတ္တိရှိအောင် လုံးဝအာမ,မခံ တာဝန်မဟူကြပေ။
(၄) ရှိသလောက်ပူပန်ကြောင့်ကြရမည်။
ဤကား အငှား၏ သဘောတည်း။
အပိုင်ဟူသည် ကိုယ်ပိုင်စိတ်ကောင်းဖြင့်သာ ရယူနိုင်သော (၁) ဒါန (၂) သီလ (၃) သမာဓိ (၄) ၀ိပဿနာ များဖြစ်သည်။
လူ့ဘ၀၌ အမြဲဦးစားပေးလုပ်ရမည့် အလုပ်များလည်းဖြစ်သည်။
အပိုင်ဟူသမျှသည် -
(၁) အချိန်ကန့်သတ်ချက်မပါ။ မည်သူမျှဝင်ရောက်ကန့်သတ်ချက်မပါ။
မည်သူမျှဝင်ရောက်ကန့်သတ်၍လည်း မရ။
အသိဉာဏ်ရှိ၍ စွမ်းအားပြည့်သလောက် မဂ်ပေါက် ဖိုလ် ပေါက် နိဗ္ဗာန်ရောက်စေနိုင်သည်။
(၂) မည်သူ့ထံမျှ ပြန်အပ်ခဲ့စရာမလို၊ ကိုယ်ရတာ ကိုယ်ယူသွားရုံဖြစ်သည်။
မျက်နှာငယ်စရာပူစရာလည်းမရှိ။
(၃) အပိုင်များသည် မိမိကို အငိုတိတ်အောင် အကြောက်ပြေအောင် အပူငြိမ်းအောင်
သတ္တိရှိအောင် အားလုံးအာမခံ တာဝန်ယူကြသည်။
(၄) ရှိသလောက် စိတ်အေးရသည်။ ဤကား အပိုင်၏ သဘောပေတည်း။
ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ်
ဘုရားရှင်၏ လမ်းညွှန်ချက်တရားများသည် ခြောက်တရား - မြှောက်တရား
- ချော့တရား ဟု ၃-မျိုးရှိသည်။ ကိုယ့်ဟာကိုယ် စိတ်ကို
တရားလမ်းကြောင်းပေါ်ရောက်အောင်တင်ပေးရာ၌လည်း ဤ ၃-နည်းဖြင့်ပင်ဆုံးမပေးရသည်။
ခြောက်သင့်သည့်အခါခြောက်၍ မြှောက်သင့်သည့်အခါ မြှောက်ပြီး
ချော့သင့်သည့်အခါ ချော့ပေးရသည်။ “ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ်” ဟူသည်
“ခြောက်” တရားမျိုးဖြစ်သည်။ မကြာမကြာ ခြောက်ပေးမှ သံဝေဂကြောက်စိတ် ပေါ်ပြီး
ကိုယ်ပိုင်အလုပ်ကို ခပ်သုတ်သုတ် အချိန်မီလုပ်ဖြစ်မည်ဖြစ်သည်။
နွားများ မြင်းများကို လှည်း၌ ယာဉ်က, ပေးရသောအခါ
ခွန်အားလည်းကောင်းပါလျှက် လမ်းလည်းကောင်းပါလျှက် အေးစက်စက်
နှေးနှေးကွေးကွေး လုပ်နေလျှင် ငေါက်ပေးရ, တုတ်ဖြင့် ရိုက်ပေးရသည်။
ထိုမျှဖြင့်ပင် အေးနေ ဖြေးနေသေးလျှင်
တုတ်၌တပ်ထားသောသံချွန်ဖြင့်ဖိထိုးပေးရသည်။
ထိုအခါ နာကျင်လွန်းသဖြင့် ရုန်းရပြေးရရှာသည်။ ထို့အတူပင်
စွမ်းအားရှိသော လူ့ဘ၀ဂုဏ်ရည်နှင့်ပြည့်စုံသော လူဖြစ်နေပါလျှက်သာသနာလမ်းကြောင်းလည်း ကောင်းနေပါလျှက်
အေးစက်စက် ပေါ့ဆဆလုပ်နေလျှင်
သံဝေဂဖြစ်စရာ တရားသံချွန်ဖြင့် (ခြောက်တရားဖြင့်) နာနာခြိမ်းခြောက်
ထိုးဆွပေးရမည်။ ခပ်သုတ်သုတ်လုပ်နိုင်မှ အို နာ သေထက်ကိုယ်ကလက်ဦးပြီး
စိတ်အေးရပေလိမ့်မည်။ သေခြင်းတရားနှင့် ချိန်းချက်ထားခြင်းမရှိသဖြင့်
မနက်ဖြန်ကို ကိုယ်မပိုင်ချေ။ ကိုယ်ပိုင်သောအချိန်သည် ပစ္စုပ္ပန်သာဖြစ်သည်။
ယနေ့အလုပ်ကို ယနေ့ လုပ်ထားမှသာ ခုရော နောင်ပါ စိတ်အေးရမည်ဖြစ်သည်။
တိပိဋက ယောဆရာတော် ၏ “ ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ် ” စာအုပ်မှ ထုတ်နှုတ် မျှဝေပါသည်။