-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Thursday, February 14, 2013

အံ့ဖွယ်ရှစ်ဖြာ သာသနာ




ဂေါတမရှင်တော် ဗုဒ္ဓလက်ထက် ဘုရားရှင်သည် ဝေရဉ္ဇနာပြည်အနီး “နရေရု” ခေါ်တဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေစဉ်အချိန် - - ပဟာရာဒ ခေါ်အသူရိန်နတ်မင်းကြီးက ဘုရားရှင်ကို မေးတဲ့စကားဖြစ်ပါတယ်။ အသူရိန် နတ်မင်းကြီးကို ဘုရားရှင်ကစပြီး “ သင်နေထိုင်ရာဖြစ်တဲ့ သမုဒ္ဒရာကြီးမှာ အံ့သြဖွယ်ရာ ဘယ်နှစ်မျိုးရှိသလဲ ” ၊ “ အံ့သြဖွယ်ရာ ရှစ်မျိုးရှိပါတယ်ဘုရား ” လို့လျှောက်ထားပါတယ်။ အဲဒီနောက် ပဟာရာဒ အသူရိန်နတ်မင်းကြီးကလည်း “ မြတ်စွာဘုရား . .  အရှင်ဘုရားရဲ့ သာသနာမှာရော အံ့ဖွယ်ရာ ဘယ်နှစ်မျိုး ရှိပါသလဲဘုရား ” . . . ငါဘုရားရှင်တည်ထောင်ခဲ့တဲ့ သာသနာဆိုတာလည်း အံ့ဖွယ်ရှစ်မျိုးနဲ့ ပြည့်စုံတဲ့ သာသနာတော်မြတ် ဖြစ်ပါတယ်၊ အဲဒီ အံ့ဖွယ်ရှစ်ဖြာ သာသနာဆိုတာ ဘာတွေလည်းဆိုရင်  . . . 

၁။ မဟာသမုဒ္ဒရာကြီးဆိုတာ အစဉ်အတိုင်း နက်သွားတယ် အစကတည်းက နက်သွားတာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ နက်မှန်းမသိ နက်သွားသလိုပဲတဲ့။ ဒီဥပမာလို ငါဘုရားသာသနာတော်မြတ်ကြီးကလည်း အစဉ်အတိုင်း သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အတိုင်း တဖြည်းဖြည်း မြင့်မားလာသလို။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးရဲ့ အကျိုးကျေးဇူးကြောင့် ပြန့်ပွားလာတဲ့ အကျင့် ပဋိပတ်ဆိုတာကလည်း ဒီလိုပါပဲ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဖို့ရာအတွက် သာသနာရဲ့ အဆုံးအမ ကျင့်စဉ်ကလည်း အစဉ်အတိုင်း လေးနက်သွားတယ်။ ဒါနပြုတယ်ဆိုတာ ရလာတဲ့လူ့ဘဝကို စီးပွားဥစ္စာတွေ နှင့် ပြည့်စုံစေတယ်။ သီလဆိုတာက ကိုယ်နှုတ်စိတ်ကို ထိန်းသိမ်းပြီး နေထိုင်ကျင့်သုံးရင် အနာရောဂါကင်း ကျန်းမာခြင်းနှင့် ပြည့်စုံစေတယ်၊ ဝိပဿနာဆိုတာက စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ ကိုယ်တွင်းကိလေသာ အပူမှန်သမျှကင်းဝေး၊ သောကဟူသမျှ ချုပ်ငြိမ်းစေတယ်။ ဒါ အံ့ဖွယ်တစ်ခု ဒီအံ့ဖွယ်က တခြားသော ဘာသာအယူဝါဒတွေမှာ မရှိပါဘူး။ ထေရဝါဒ သာသနာတော်မှာပဲရှိပါတယ်။ ဒါက ထူးခြားတဲ့ ဂုဏ်တစ်မျိုးပါ။

ဆောင် - သီလကစ နိဗ္ဗာန်ထိအောင် တစ်စ တစ်စ နက်နဲစွာ သာသနာ့ အံ့ဖွယ်တော်။

၂။ မဟာသမုဒ္ဒရာကြီးထဲကရေတွေ ဘယ်လောက်များများ ကမ်းကို လွန်သွားတယ်ဆိုတာ မရှိ။ အင်း၊ အိုင်၊ ကန် တွေ ရေလျှံပေမယ့် မဟာသမုဒ္ဒရာကြီးထဲက ရေတွေကတော့ လျှံတယ်ဆိုတာ မရှိဘူးတဲ့၊ မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်ပါပဲ။ သာသနာမှာလည်း သာသနာ့ဝန်ထမ်း ရဟန်းတော်တွေဟာ ဘုရားရှင် ပိုင်းခြားသတ်မှတ်ထားတဲ့ ကိုယ်ကျင့်သီလ သိက္ခာဝိနည်း စည်းကမ်း (ဥပဒေ) သိက္ခာပုဒ် ပညတ်ချက်တွေကို မကျော်လွန်ကြဘူး။

ဆောင် - ဝိနည်းစည်းကမ်း၊ မကျော်လွှမ်းဘဲ ရဟန်းပီသ၊ ကျင့်ကုန်စွ သာသနာ့အံ့ဖွယ်တော်။

၃။ မဟာသမုဒ္ဒရာကြီးမှာ လူသေကောင်ပုဒ်၊ ခွေးသေပုပ်တွေရှိရင် ကြာကြာမနေနိုင်၊ မဟာသမုဒ္ဒရာကြီးရဲ့ လှိုင်းခတ်ပေးတဲ့ အတွက်ကြောင့် အပုပ်နဲ့ အညစ်အကြေးမှန်သမျှ လွင့်စင်သွားတယ်။ မဟာသမုဒ္ဒရာကြီးထဲမှာ ကြာကြာမနေနိုင်ဘဲ ကမ်းကိုရောက်သွားသလို၊ ထို့အတူ ဘုရားရှင်သာသနာမှာလည်း မဟုတ်တဲ့ အကျင့်တွေကို ကျင့်နေတဲ့ ဆန့်ကျင်ဘက် မှန်သမျှ မကောင်းတဲ့အကျင့်တွေကို ကျင့်ပြီး အပုပ်နံ့ ရှိတဲ့သူတွေ ဘုရားရှင်သာသနာမှာ ကြာကြာနေခွင့် မရှိဘူး။ သံဃာဝိနည်းစည်းကမ်းနဲ့ မညီညွတ်ရင်သံဃာက လက်မခံ၊ ဖယ်ထုတ်ခြင်း ခံရတယ်။ ဘုရားရှင် သာသနာက အပုပ်နံ့တွေမရှိ ပကတိစင်ကြယ်နေတယ်။

ဆောင် - ရဟန်းဒုဿီ၊ အလဇ္ဇီသို့ မတည်နိုင်ကြ ကင်းစဉ်ပ၊ သာသနာ့အံ့ဖွယ်တော်။

၄။ ဂင်္ဂါ၊ ယမုံနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ ဆိုတဲ့မြစ်ကြီးငါးသွယ်ထဲကရေတွေသည် အမည်တွေအမျိုးမျိုးပြောင်းလဲစီးဆင်းနေပေမယ့် မဟာသမုဒ္ဒရာ မြစ်ကြီးထဲကို ရောက်လာတဲ့ ရေတွေအားလုံး အမည်တစ်မျိုးတည်းဖြစ်သွားတယ်။ သာသနာမှာလည်း လူအမျိုးမျိုး၊ ဇာတ်အမျိုးမျိုးတို့သည် မြတ်ဗုဒ္ဓ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်လာပါက မင်း၊ သူကြွယ်၊ သူဌေး၊ ဆင်းရဲသား စသည် မခွဲခြားပဲ ဘုရားသားတော်အဖြစ်သို့သာတည်သွားတယ်။ ဒါက သာသနာရဲ့ အံ့ဖွယ်တစ်ပါးပါ။

ဆောင် - ရဟန်းဖြစ်လျှင်၊ မျိုးဇာတ်စဉ်၍၊ ခေါ်တွင် သမဏ အမည်ရ၊ သာသနာ့အံ့ဖွယ်တော်။

၅။ မဟာသမုဒ္ဒရာကြီးသည် ကောင်းကင်က ကျလာသော ရေတွေအားလုံး မြစ်ကြီးငါးသွယ် ဘယ်ကလာတဲ့ ရေပဲဖြစ်ဖြစ် သမုဒ္ဒရာကြီးထဲကို ရောက်လာရင် လျော့လျှံသွားတယ်မရှိဘူး။ ဒီအတိုင်းပဲ သာသနာတော်အတွင်းမှာ နိဗ္ဗာန်ကို စံဝင်သွားတဲ့ ပုဂ္ဂိုလ်မြတ်တွေ ဘယ်လောက်ရှိရှိ နိဗ္ဗာန်ကြီးက လျော့သွားတယ် မရှိဘူး။ အားလုံး လက်ခံတဲ့ သဘာဝရှိတယ်။

ဆောင် - ရွှေပြည်နိဗ္ဗာန်၊ အများစံလည်း၊ ပြည့်လျံကင်းပ၊ ထူးခြားလှ သာသနာ့အံ့ဖွယ်တော်။

၆။ မဟာသမုဒ္ဒရာကြီးက ရေတွေသည် အရသာတစ်မျိုးပဲရှိသလို၊ အဲဒီအရသာတစ်မျိုးဟာ ဆားငံဆိုတဲ့ အရသာတစ်မျိုးတည်းရှိခြင်းက မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်တစ်ရပ်ပဲဖြစ်ပါတယ်။ ထို့အတူ ဦးဇင်းတို့သာသနာတော်မှာလည်း ဒါန၊ သီလ၊ ဝိပဿနာတွေကျင့်သုံး လိုက်နာပြီးရင် နောက်ဆုံးအနှစ်ဖြစ်တဲ့အရသာကတော့ သံသရာက လွတ်မြောက်မှု၊ ထွက်မြောက်ရာ အမှန်ဖြစ်တဲ့ ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိတယ်တဲ့။ ကိလေသာအပူဘေးက လွတ်မြောက်သူတိုင်း ရရှိတဲ့အကျိုးကျေးဇူး ထူးခြားမှုပါ။ ဒါကလည်း ထူးခြားတဲ့ အံ့ဖွယ်ရာတစ်ပါး ဖြစ်ပါတယ်။

ဆောင် - မဂ်ဖိုလ်ရရှိ၊ ခံစားဘိ၊ ဝိမုတ္တိရသ၊ တူညီမှ သာသနာ့အံ့ဖွယ်တော်။

၇။ သမုဒ္ဒရာကြီးဟာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရှိရာနေရာဖြစ်တယ်။ ပါဠိလိုကတော့ “ ရတနာကရ ” တဲ့။ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သန္တာ၊ နီလာ၊ ပတ္တမြား အစရှိတဲ့ ရတနာများစွာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရာဖြစ်တယ်။ အဲဒီလို ထေရဝါဒ မြတ်ဗုဒ္ဓသာသနာတော်မှာလည်း
(၁) သတိပဌာန် - တည်းဟူသောရတနာ
(၂) ဣဒ္ဓိပါဒ် - တည်းဟူသောရတနာ
(၃) မဂ်ဖိုလ် - တည်းဟူသောရတနာ
(၄) မဂ္ဂင်ရှစ်ပါး - အစရှိသောရတနာ
(၅) ဗောဓိပက္ခိယတရား - စသည့်တည်ရှိရာ ရတနာအမျိုးမျိုးကိုနှစ်သက်သူတိုင်း၊ ငြိမ်းချမ်းလိုသူတိုင်း၊ ရယူကျင့်သုံးနိုင်တယ်။ လောကလူတွေ သာသနာရဲ့ အနှစ်ဖြစ်တဲ့ ဝိပဿနာတရားအလုပ် အားထုတ်တဲ့ သူတွေကတော့ သာသနာရဲ့ အဆီအနှစ်ကို ဖော်ထုတ်စားသုံးနိုင်ကြတယ်။ သိသူဖော်စားကြလို့ ဒုက္ခခပ်သိမ်း ငြိမ်းကုန်ကြတယ်။ မသိသူတွေကတော့ ကျော်လွန်သွားကြလို့ဆင်းရဲဒုက္ခ ဖြစ်နေကြရတယ်။ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဇနီး၊ ငါ့သမီး ဆိုတဲ့ မမြဲခြင်းတွေကို မြဲတယ်ထင်ပြီး စွဲလန်းမှုတွေနဲ့ ဘဝနိဂုံး အဆုံးသတ်ပြီး ချားရဟတ်လို လည်ပတ်ကာ ကုသိုလ်အလုပ် ဝိပဿနာအလုပ်တွေ မေ့လျော့နေကြတယ်။ သိသူတွေက ဘဝတန်ဖိုးကို နားလည်ကြတယ်။ လူ့ဘ၀ ခဏလေးကို ဓမ္မဖြင့် ဘဝကို အလှဆင်ကြတယ်။ အဲဒီရတနာအမျိုးမျိုးက ဘုရားရှင်ပွင့်တဲ့ အခါမှာပဲ ဒီအခွင့်အရေးမျိုးကို ရရှိနိုင်ပါတယ်။ ဒါလည်း ဘုရားရှင် သာသနာတော်ကြီးရဲ့ ထူးခြားတဲ့ “ အစ္ဆရိယ ” အံ့သြဖွယ်တစ်ပါး ဖြစ်ပါတယ်။

ဆောင် - ဗောဓိပက္ခိယ၊ ဓမ္မရတနာပြည့်စုံစွာ၊ သာသနာ့အံ့ဖွယ်တော်။

၈။ မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သော သတ္တဝါတို့ရဲ့တည်နေရာ နတ်တွေ၊ နဂါးတွေ စသည့် ရေပိုင်နက်မှာ နေထိုင်ကြသည့် သတ္တဝါကြီးတွေရဲ့ တည်ရာနေရာဖြစ်တယ်။ အဲဒီလိုပါပဲ ထေရဝါဒ သာသနာတော်မြတ်ကြီးကလည်း ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့၏တည်နေရာ မဂ္ဂဌာန်ပုဂ္ဂိုလ်လေးယောက်၊ ဖလဌာန်ပုဂ္ဂိုလ်လေးယောက်တို့၏ တည်နေရာ အရိယာမွန်၊ အရိယာပုဂ္ဂိုလ်တွေရဲ့တည်နေရာဖြစ်တယ်။ ထူးခြားမွန်မြတ်သော ဘုရားရဟန္တာမထေရ်၊ အရိယာသူတော်စင် သူတော်ကောင်းတို့ရဲ့ တည်နေရာမို့ “ အစ္ဆရိယ ” သာသနာ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးပါ။ ဒီအခွင့်အရေးမျိုးက မြတ်ဗုဒ္ဓသာသနာမှာပဲ ရှိပါတယ်။

ဆောင် - မဂ်ဖိုလ်ရပြီး ပုဂ္ဂိုလ်ကြီးတို့၊ ခိုမှီး ပျော်ရာ မွေ့လျော်ရာ၊ သာသနာ့အံ့ဖွယ်တော်။



အရှင်တိလောကသာရ (နတ်မောက်) ရေးသားတော်မူသော -

ရဟန်းဘဝတန်ဖိုး သင်္ကန်းတန်ခိုး ” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

No comments:

Post a Comment