-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Thursday, February 14, 2013

အံ့ဖွယ်ရှစ်ဖြာ သာသနာ




ဂေါတမရှင်တော် ဗုဒ္ဓလက်ထက် ဘုရားရှင်သည် ဝေရဉ္ဇနာပြည်အနီး “နရေရု” ခေါ်တဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေစဉ်အချိန် - - ပဟာရာဒ ခေါ်အသူရိန်နတ်မင်းကြီးက ဘုရားရှင်ကို မေးတဲ့စကားဖြစ်ပါတယ်။ အသူရိန် နတ်မင်းကြီးကို ဘုရားရှင်ကစပြီး “ သင်နေထိုင်ရာဖြစ်တဲ့ သမုဒ္ဒရာကြီးမှာ အံ့သြဖွယ်ရာ ဘယ်နှစ်မျိုးရှိသလဲ ” ၊ “ အံ့သြဖွယ်ရာ ရှစ်မျိုးရှိပါတယ်ဘုရား ” လို့လျှောက်ထားပါတယ်။ အဲဒီနောက် ပဟာရာဒ အသူရိန်နတ်မင်းကြီးကလည်း “ မြတ်စွာဘုရား . .  အရှင်ဘုရားရဲ့ သာသနာမှာရော အံ့ဖွယ်ရာ ဘယ်နှစ်မျိုး ရှိပါသလဲဘုရား ” . . . ငါဘုရားရှင်တည်ထောင်ခဲ့တဲ့ သာသနာဆိုတာလည်း အံ့ဖွယ်ရှစ်မျိုးနဲ့ ပြည့်စုံတဲ့ သာသနာတော်မြတ် ဖြစ်ပါတယ်၊ အဲဒီ အံ့ဖွယ်ရှစ်ဖြာ သာသနာဆိုတာ ဘာတွေလည်းဆိုရင်  . . . 

၁။ မဟာသမုဒ္ဒရာကြီးဆိုတာ အစဉ်အတိုင်း နက်သွားတယ် အစကတည်းက နက်သွားတာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ နက်မှန်းမသိ နက်သွားသလိုပဲတဲ့။ ဒီဥပမာလို ငါဘုရားသာသနာတော်မြတ်ကြီးကလည်း အစဉ်အတိုင်း သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်အတိုင်း တဖြည်းဖြည်း မြင့်မားလာသလို။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးရဲ့ အကျိုးကျေးဇူးကြောင့် ပြန့်ပွားလာတဲ့ အကျင့် ပဋိပတ်ဆိုတာကလည်း ဒီလိုပါပဲ၊ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဖို့ရာအတွက် သာသနာရဲ့ အဆုံးအမ ကျင့်စဉ်ကလည်း အစဉ်အတိုင်း လေးနက်သွားတယ်။ ဒါနပြုတယ်ဆိုတာ ရလာတဲ့လူ့ဘဝကို စီးပွားဥစ္စာတွေ နှင့် ပြည့်စုံစေတယ်။ သီလဆိုတာက ကိုယ်နှုတ်စိတ်ကို ထိန်းသိမ်းပြီး နေထိုင်ကျင့်သုံးရင် အနာရောဂါကင်း ကျန်းမာခြင်းနှင့် ပြည့်စုံစေတယ်၊ ဝိပဿနာဆိုတာက စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ ကိုယ်တွင်းကိလေသာ အပူမှန်သမျှကင်းဝေး၊ သောကဟူသမျှ ချုပ်ငြိမ်းစေတယ်။ ဒါ အံ့ဖွယ်တစ်ခု ဒီအံ့ဖွယ်က တခြားသော ဘာသာအယူဝါဒတွေမှာ မရှိပါဘူး။ ထေရဝါဒ သာသနာတော်မှာပဲရှိပါတယ်။ ဒါက ထူးခြားတဲ့ ဂုဏ်တစ်မျိုးပါ။

ဆောင် - သီလကစ နိဗ္ဗာန်ထိအောင် တစ်စ တစ်စ နက်နဲစွာ သာသနာ့ အံ့ဖွယ်တော်။

၂။ မဟာသမုဒ္ဒရာကြီးထဲကရေတွေ ဘယ်လောက်များများ ကမ်းကို လွန်သွားတယ်ဆိုတာ မရှိ။ အင်း၊ အိုင်၊ ကန် တွေ ရေလျှံပေမယ့် မဟာသမုဒ္ဒရာကြီးထဲက ရေတွေကတော့ လျှံတယ်ဆိုတာ မရှိဘူးတဲ့၊ မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်ပါပဲ။ သာသနာမှာလည်း သာသနာ့ဝန်ထမ်း ရဟန်းတော်တွေဟာ ဘုရားရှင် ပိုင်းခြားသတ်မှတ်ထားတဲ့ ကိုယ်ကျင့်သီလ သိက္ခာဝိနည်း စည်းကမ်း (ဥပဒေ) သိက္ခာပုဒ် ပညတ်ချက်တွေကို မကျော်လွန်ကြဘူး။

ဆောင် - ဝိနည်းစည်းကမ်း၊ မကျော်လွှမ်းဘဲ ရဟန်းပီသ၊ ကျင့်ကုန်စွ သာသနာ့အံ့ဖွယ်တော်။

၃။ မဟာသမုဒ္ဒရာကြီးမှာ လူသေကောင်ပုဒ်၊ ခွေးသေပုပ်တွေရှိရင် ကြာကြာမနေနိုင်၊ မဟာသမုဒ္ဒရာကြီးရဲ့ လှိုင်းခတ်ပေးတဲ့ အတွက်ကြောင့် အပုပ်နဲ့ အညစ်အကြေးမှန်သမျှ လွင့်စင်သွားတယ်။ မဟာသမုဒ္ဒရာကြီးထဲမှာ ကြာကြာမနေနိုင်ဘဲ ကမ်းကိုရောက်သွားသလို၊ ထို့အတူ ဘုရားရှင်သာသနာမှာလည်း မဟုတ်တဲ့ အကျင့်တွေကို ကျင့်နေတဲ့ ဆန့်ကျင်ဘက် မှန်သမျှ မကောင်းတဲ့အကျင့်တွေကို ကျင့်ပြီး အပုပ်နံ့ ရှိတဲ့သူတွေ ဘုရားရှင်သာသနာမှာ ကြာကြာနေခွင့် မရှိဘူး။ သံဃာဝိနည်းစည်းကမ်းနဲ့ မညီညွတ်ရင်သံဃာက လက်မခံ၊ ဖယ်ထုတ်ခြင်း ခံရတယ်။ ဘုရားရှင် သာသနာက အပုပ်နံ့တွေမရှိ ပကတိစင်ကြယ်နေတယ်။

ဆောင် - ရဟန်းဒုဿီ၊ အလဇ္ဇီသို့ မတည်နိုင်ကြ ကင်းစဉ်ပ၊ သာသနာ့အံ့ဖွယ်တော်။

၄။ ဂင်္ဂါ၊ ယမုံနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ ဆိုတဲ့မြစ်ကြီးငါးသွယ်ထဲကရေတွေသည် အမည်တွေအမျိုးမျိုးပြောင်းလဲစီးဆင်းနေပေမယ့် မဟာသမုဒ္ဒရာ မြစ်ကြီးထဲကို ရောက်လာတဲ့ ရေတွေအားလုံး အမည်တစ်မျိုးတည်းဖြစ်သွားတယ်။ သာသနာမှာလည်း လူအမျိုးမျိုး၊ ဇာတ်အမျိုးမျိုးတို့သည် မြတ်ဗုဒ္ဓ သာသနာ့ဘောင်တွင်းသို့ ဝင်ရောက်လာပါက မင်း၊ သူကြွယ်၊ သူဌေး၊ ဆင်းရဲသား စသည် မခွဲခြားပဲ ဘုရားသားတော်အဖြစ်သို့သာတည်သွားတယ်။ ဒါက သာသနာရဲ့ အံ့ဖွယ်တစ်ပါးပါ။

ဆောင် - ရဟန်းဖြစ်လျှင်၊ မျိုးဇာတ်စဉ်၍၊ ခေါ်တွင် သမဏ အမည်ရ၊ သာသနာ့အံ့ဖွယ်တော်။

၅။ မဟာသမုဒ္ဒရာကြီးသည် ကောင်းကင်က ကျလာသော ရေတွေအားလုံး မြစ်ကြီးငါးသွယ် ဘယ်ကလာတဲ့ ရေပဲဖြစ်ဖြစ် သမုဒ္ဒရာကြီးထဲကို ရောက်လာရင် လျော့လျှံသွားတယ်မရှိဘူး။ ဒီအတိုင်းပဲ သာသနာတော်အတွင်းမှာ နိဗ္ဗာန်ကို စံဝင်သွားတဲ့ ပုဂ္ဂိုလ်မြတ်တွေ ဘယ်လောက်ရှိရှိ နိဗ္ဗာန်ကြီးက လျော့သွားတယ် မရှိဘူး။ အားလုံး လက်ခံတဲ့ သဘာဝရှိတယ်။

ဆောင် - ရွှေပြည်နိဗ္ဗာန်၊ အများစံလည်း၊ ပြည့်လျံကင်းပ၊ ထူးခြားလှ သာသနာ့အံ့ဖွယ်တော်။

၆။ မဟာသမုဒ္ဒရာကြီးက ရေတွေသည် အရသာတစ်မျိုးပဲရှိသလို၊ အဲဒီအရသာတစ်မျိုးဟာ ဆားငံဆိုတဲ့ အရသာတစ်မျိုးတည်းရှိခြင်းက မဟာသမုဒ္ဒရာကြီးရဲ့ အံ့ဖွယ်တစ်ရပ်ပဲဖြစ်ပါတယ်။ ထို့အတူ ဦးဇင်းတို့သာသနာတော်မှာလည်း ဒါန၊ သီလ၊ ဝိပဿနာတွေကျင့်သုံး လိုက်နာပြီးရင် နောက်ဆုံးအနှစ်ဖြစ်တဲ့အရသာကတော့ သံသရာက လွတ်မြောက်မှု၊ ထွက်မြောက်ရာ အမှန်ဖြစ်တဲ့ ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိတယ်တဲ့။ ကိလေသာအပူဘေးက လွတ်မြောက်သူတိုင်း ရရှိတဲ့အကျိုးကျေးဇူး ထူးခြားမှုပါ။ ဒါကလည်း ထူးခြားတဲ့ အံ့ဖွယ်ရာတစ်ပါး ဖြစ်ပါတယ်။

ဆောင် - မဂ်ဖိုလ်ရရှိ၊ ခံစားဘိ၊ ဝိမုတ္တိရသ၊ တူညီမှ သာသနာ့အံ့ဖွယ်တော်။

၇။ သမုဒ္ဒရာကြီးဟာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရှိရာနေရာဖြစ်တယ်။ ပါဠိလိုကတော့ “ ရတနာကရ ” တဲ့။ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သန္တာ၊ နီလာ၊ ပတ္တမြား အစရှိတဲ့ ရတနာများစွာ ရတနာအမျိုးမျိုးတို့ရဲ့ တည်ရာဖြစ်တယ်။ အဲဒီလို ထေရဝါဒ မြတ်ဗုဒ္ဓသာသနာတော်မှာလည်း
(၁) သတိပဌာန် - တည်းဟူသောရတနာ
(၂) ဣဒ္ဓိပါဒ် - တည်းဟူသောရတနာ
(၃) မဂ်ဖိုလ် - တည်းဟူသောရတနာ
(၄) မဂ္ဂင်ရှစ်ပါး - အစရှိသောရတနာ
(၅) ဗောဓိပက္ခိယတရား - စသည့်တည်ရှိရာ ရတနာအမျိုးမျိုးကိုနှစ်သက်သူတိုင်း၊ ငြိမ်းချမ်းလိုသူတိုင်း၊ ရယူကျင့်သုံးနိုင်တယ်။ လောကလူတွေ သာသနာရဲ့ အနှစ်ဖြစ်တဲ့ ဝိပဿနာတရားအလုပ် အားထုတ်တဲ့ သူတွေကတော့ သာသနာရဲ့ အဆီအနှစ်ကို ဖော်ထုတ်စားသုံးနိုင်ကြတယ်။ သိသူဖော်စားကြလို့ ဒုက္ခခပ်သိမ်း ငြိမ်းကုန်ကြတယ်။ မသိသူတွေကတော့ ကျော်လွန်သွားကြလို့ဆင်းရဲဒုက္ခ ဖြစ်နေကြရတယ်။ ငါ၊ ငါ့ဥစ္စာ၊ ငါ့ဇနီး၊ ငါ့သမီး ဆိုတဲ့ မမြဲခြင်းတွေကို မြဲတယ်ထင်ပြီး စွဲလန်းမှုတွေနဲ့ ဘဝနိဂုံး အဆုံးသတ်ပြီး ချားရဟတ်လို လည်ပတ်ကာ ကုသိုလ်အလုပ် ဝိပဿနာအလုပ်တွေ မေ့လျော့နေကြတယ်။ သိသူတွေက ဘဝတန်ဖိုးကို နားလည်ကြတယ်။ လူ့ဘ၀ ခဏလေးကို ဓမ္မဖြင့် ဘဝကို အလှဆင်ကြတယ်။ အဲဒီရတနာအမျိုးမျိုးက ဘုရားရှင်ပွင့်တဲ့ အခါမှာပဲ ဒီအခွင့်အရေးမျိုးကို ရရှိနိုင်ပါတယ်။ ဒါလည်း ဘုရားရှင် သာသနာတော်ကြီးရဲ့ ထူးခြားတဲ့ “ အစ္ဆရိယ ” အံ့သြဖွယ်တစ်ပါး ဖြစ်ပါတယ်။

ဆောင် - ဗောဓိပက္ခိယ၊ ဓမ္မရတနာပြည့်စုံစွာ၊ သာသနာ့အံ့ဖွယ်တော်။

၈။ မဟာသမုဒ္ဒရာကြီးဟာ ကြီးကျယ်သော သတ္တဝါတို့ရဲ့တည်နေရာ နတ်တွေ၊ နဂါးတွေ စသည့် ရေပိုင်နက်မှာ နေထိုင်ကြသည့် သတ္တဝါကြီးတွေရဲ့ တည်ရာနေရာဖြစ်တယ်။ အဲဒီလိုပါပဲ ထေရဝါဒ သာသနာတော်မြတ်ကြီးကလည်း ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တို့၏တည်နေရာ မဂ္ဂဌာန်ပုဂ္ဂိုလ်လေးယောက်၊ ဖလဌာန်ပုဂ္ဂိုလ်လေးယောက်တို့၏ တည်နေရာ အရိယာမွန်၊ အရိယာပုဂ္ဂိုလ်တွေရဲ့တည်နေရာဖြစ်တယ်။ ထူးခြားမွန်မြတ်သော ဘုရားရဟန္တာမထေရ်၊ အရိယာသူတော်စင် သူတော်ကောင်းတို့ရဲ့ တည်နေရာမို့ “ အစ္ဆရိယ ” သာသနာ အံ့ဖွယ်ရှစ်ဖြာ သာသနာတော်မြတ်ကြီးပါ။ ဒီအခွင့်အရေးမျိုးက မြတ်ဗုဒ္ဓသာသနာမှာပဲ ရှိပါတယ်။

ဆောင် - မဂ်ဖိုလ်ရပြီး ပုဂ္ဂိုလ်ကြီးတို့၊ ခိုမှီး ပျော်ရာ မွေ့လျော်ရာ၊ သာသနာ့အံ့ဖွယ်တော်။



အရှင်တိလောကသာရ (နတ်မောက်) ရေးသားတော်မူသော -

ရဟန်းဘဝတန်ဖိုး သင်္ကန်းတန်ခိုး ” စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

Saturday, February 9, 2013

ရှင်အာဒိစ္စရံသီ (ဆရာဦးဆန်းလွင်) ဟောကြားတော်မူသော အလွတ်သင်အခြေပြု ၀ိပဿနာသင်တန်းတရားတော်များ


“ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ”

Saturday, February 2, 2013

အရှင် သုမန (ပခုက္ကူ) ၏ ဓမ္မလက်ဆောင်



ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကျုံးထောင့် ၀ိပဿနာ စာသင်တိုက် ပဓာန နာယက ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာဇောတ ၏ တပည့် အရှင် သုမန (ပခုက္ကူ) ၏ ဓမ္မလက်ဆောင်


ဘုရားကန်တော့ရန်

          သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား၊ ကန်တော့ရသော ကောင်းမှုကံစေတနာ တို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ၀ိပဿနာဉာဏ်သည် လျှင်မြန်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ကျေးဇူးပြုသောအားဖြင့် နိဗ္ဗာန်သို့ မျက်မှောက် ပြုရပါလို၏ အရှင်ဘုရား။


ယောဂီများ ပရိကံပြုရန်

၁။ ဘုရားတပည့်တော်၏ ခန္ဓာငါးပါး၊ ရုပ်နာမ် (၂)ပါးကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင်ဘုရား။
၂။ ယခုဘ၀ ရှေးရှေးဘ၀ တော်စပ်ကြကုန်သော မိဘ၊ ဆရာ၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးတို့ဖြင့်ပြစ်မှား ကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချ ကန်တော့ ပါ၏ အရှင်ဘုရား။
၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ် နှင့် တကွ သတ္တ၀ါအားလုံးတို့အား ဘေးရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေ။
၎။ ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ ဒါန၊ သီလ စသော ကုသိုလ်တို့သည် တပည့်တော်တို့၏ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်း အကျိုးငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေသတည်း။
၅။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည် အသေမဦးမှီ ဉာဏ်ဦးအောင် ကျိုးစားအားထုတ်ပါတော့မည်။



“ ကမ္မဌာန်းတောင်း ”

ကမ္မဌာနံ မေ ဘန္တေ ဒေထ သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထယ
ဘန္တေ - အရှင်ဘုရား၊ မေ - ဘုရား တပည့်တော်အား သံသာရ၀ဋ္ဋ ဒုက္ခတော - သံသရာ ဆင်းရဲအတွင်းမှ မောစနတ္ထယ ကျွတ်လွတ်ထွက်မြောက်ပါရခြင်းအကျိုးငှာ ကမ္မဌာနံ - မဂ်ဉာဏ်၊ ဖိုလ်ပေါက် အကောင်းဆုံးဖြစ်သော ကမ္မဌာန်းတရားကို ဒေထ - ကရုဏာ မေတ္တာအားဖြင့် ပေးသနားတော်မူပါဘုရား။


ဝိပဿနာအကျိုး

လက်ရှိခန္ဓာ မတွယ်တာနှင့် နောင်လာဘ၀ မတောင့်တဘဲ ကြောင့်ကြဇွဲဖြင့် အမြဲမပြတ် ၀ိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ ထိုသိသူကား အယူမလွဲ ဂတိမြဲ၏။

မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲနေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့် ချွေးပေါက်ယိုစီး သေကာနီးဝယ် အပြီးမုချ မဂ္ဂင်ရလိမ့်။

ကိစ္စမလျှော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘ၀အစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍ မဖောက်မပြန် သောတာပန်စစ်ဧကန်ဖြစ်မည် မလစ်ဝိပဿနာ အကျိုးတည်း။ ရောဂါကြီးမှု ငြီးငြူမရှိ မြဲဂတိနှင့် သတိမမေ့ သေနေ့သိပြန် မျက်ဖြူလန်၍ ပြင်းထန်ကြောဆွဲမြနေဘဲ သေလည်းမတောင့်တင်း သုံးရက်တွင်းဝယ် ပုတ်နံ့ကင်းသည် ကျိုးရင်းဝိပဿနာ တန်ခိုးတည်း။


မိစ္ဆာဒိဌိဖြစ်ကြောင်းတရား (၈) ပါး

ခန္ဓာ၊ အ၀ိဇ္ဇာ၊ ဖဿ၊ သညာ၊ ၀ိတက္ကော၊ အယောနိသော၊ ဒုမ္မိန္တော၊ ပရသောဂေါသော။


သမုတိသစ္စာ (ပညတ်) မပယ်ကြောင်း (၈) ချက်

ကမ္မဿကတာသမ္မာဒိဌိ၊ ဟိရိသြတ္တပ၊ သဟသတ္တိကဒါန၊ ပဉ္စာနံ၊ မေတ္တာပို့ရန်၊ အလှူခံရွေးချယ်ရန်၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဝေါဟာရ မပျက်ရန်။

စောင့်ထိန်းရန်


အမှုမများစကားသိမ်းဆည်းစောင့်ဆည်းဣနြေ္ဒအိမ်နေနိုးကြားအစားမကြီးတစ်ယောက်ထဲနေ ဤခြောက်ထွေ ပြည့်စေယောဂီမှာ။


သစ္စာ(၄)ပါးအကျဉ်းချုပ်

ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ဖြစ်ပျက်ကိုပင် ငါကောင်ထင် ခင်မင်သမုဒယမှတ်၊ ရုပ်၊ နာမ် အားလုံးဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။


ခန္ဓာငါးပါးအကျဉ်းချုပ်

ဖောက်ပြန်၊ ခံစား၊ မှတ်သား၊ ပြုပြင်၊ သိဝိဉာဏ်၊ ငါးအင်ခန္ဓာမှတ်၊ သူမဟုတ် ငါမဟုတ် အဲဒါနာမ်နှင့်ရုပ်

တရားမရနိုင် * မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျှော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊    ဤ(၅)ပါး တရားမဂ်ဖိုလ် ဝေးသတည်း။
တရားရနိုင်     *    ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို
                         ဖြစ်ချုပ်ဉာဏ်မြင် ဤ (၅) အင် အမှန်ပင် မဂ်ရကြောင်း။


တရားအတု (၁၀) မျိုး
          ဖြစ်ပျက်မြင်က တိဟိတ်ပုဂ္ဂိုလ်ဖြစ်၍ တရားအတု (၁၀) ပါး တစ်ပါးပါးက ခုဘ၀မှာပင် ကြိုးစားအားထုတ်ပါလျှင် ဧကန်တရားထူးရမည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ တရားအတု(၁၀)ပါး၏ ပါဠိတော်အရာမှာ သြဘာဝေစ ညာဏေစ ၀ိကမ္မတိ ပဿဒ္ဒိယာ သုဓေနစ ပဂ္ဂဟေ ဥပဌာနေစ ကမ္မတိတတြမေဇ္ဈတ္တတာ နိကန္တိလို့ဆိုပါတယ် အဓိပ္ပါယ်မှာ -

 ၁။ သြဘာသ            -         အရောင်အဆင်း အလင်းတွေဖြစ်လာခြင်း
 ၂။ ဉာဏ                 -         ဉာဏ်ကြည်လင်ကောင်းမွန်လာခြင်း
 ၃။ ပီတိ                   -         နှစ်သက်မှု ပီတိဖြစ်လာခြင်း
 ၄။ ပဿဒ္ဓိ                -         ကိုယ်စိတ်နှစ်ပါး အထူးသဖြင့် ငြိမ်းအေးမှုရလာခြင်း
 ၅။ သုခ                    -         ထူးကဲစွာ ချမ်းသာလာခြင်း
 ၆။ အဓိမောက္ခ           -         တရားစစ် တရားမှန် ရပြီဟု မိမိဘာသာ ယုံကြည်စွာ ဆုံးဖြတ်ချက်ချခြင်း
 ၇။ ပဂ္ဂဟ                  -         အားထုတ်မှု ၀ီရိယအရင်ကနှင့်မတူ ပိုလာခြင်း
 ၈။ ဥပဌာန               -         အထူးသတိကောင်းလာခြင်း
 ၉။ တတြမဇ္ဈတ္တတာ     -         စိတ်မပြားဘဲ သာယာပြစ်မှားမှု မရှိတော့ခြင်း
 ၁၀။ နိကန္တိ                -         ဖြစ်ပေါ်လာတဲ့တရားအတုများအပေါ်နှစ်သက်ငြိတွယ်တဲ့
                                        တဏှာဖြစ်လာခြင်း

( လင်္ကာဆောင်ပုဒ် )
အရောင်အဆင်းဉာဏ်ပွင့်လင်း၍ဖြစ်ခြင်းပီတိငြိမ်းအေးဘိသို့သုခချမ်းသာသဒ္ဓါယုံကြည်ထုတ်သည့်ဝီရိယ ခဏခြင်းပင်သတိထင်ကာသာယာပြစ်မှားစိတ်မပြားဘဲတရားတို့ကိုငြိတွယ်ပို၍ မဂ်ဖိုလ်ဉာဏ်နှင့် ဝေးလေသတည်း။


ကောသဗ္ဘိယသုတ် မဟာပစ္စဝေက္ခဏ (၇) ချက် (၀ါ) သောတာပန် အင်္ဂါ (၇) ပါး

သောတာပန် ပုဂ္ဂိုလ်တွင်


(၁) လောဘ၊ ဒေါသ၊ မောဟ စတဲ့ တရားများဖြစ်တိုင်း နောက်က ချက်ခြင်းသိ၍ ဖြစ်ကြောတိုသည်။
(၂) သိ သိခြင်း ငြိမ်းအေးအောင် ကြိုးစားသည် (၀ါ) တရားရှုပွားအားထုတ်သည်။
(၃)မြတ်စွာဘုရားသာသနာမှာသာလျှင်သံသရာမှလွတ်မြောက်ကြောင်းတရားမရှိဟု
     ပြတ်သားစွာယုံကြည်သည်။
(၄)မပယ်နိုင်သေးသောကိလေသာကြောင့်အပြစ်ကိစ္စတစ်ခုခုကျူးလွန်မိပါကမိမိက
     မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ ၀န်ချ တောင်းပန်၍ ပြေငြိမ်းအောင် လုပ်သည်။
(၅)ကိစ္စကြီးငယ်ရှိလို့မိမိအတွက်ဖြစ်စေ၊သူတစ်ပါးအတွက်ဖြစ်စေလုပ်ကိုင်ဆောင်ရွက်သည့်
     အခါများတွင်သီလ၊ သမာဓိ၊ ပညာ အပျက်မခံတော့ပါ။
     လုံခြုံအောင် ထိန်းသိမ်းသည်။
     (ဥပမာ)နွားသားအမိမြက်စားတဲ့အခါနွားမကြီးသည်မြက်လဲစား၍နွားကလေးကိုလည်း
     မျက်စေ့အောက်ကအပျောက်မခံသလို ကိစ္စလဲ ဆောင်ရွက်သည်။
     သီလ၊ သမာဓိ၊ ပညာ လဲ မပျက်အောင် သတိထား ထိန်းသိမ်းသည်။
(၆)ခန္ဓာ၊အာယတန၊ဓါတ်၊ပဋိစ္စသမုပ္ပါဒ်၊သစ္စာစသောတရားတော်များကိုနာယူရာတွင်
     အာရုံတစ်ပါးစိတ်မပြားဘဲ ရိုသေစွာ နာယူသည်။
(၇)တရားတော်များကိုနာကြားပြီးတဲ့အခါဝမ်းမြောက်၍မဆုံးကြည်ညိုလို့မဆုံးတပြုံးပြုံးနှင့်ပြန်၍
     နှလုံးသွင်းဆင်ခြင်လျှက်နေသည်။

(လင်္ကာဆောင်ပုဒ်)
ဖြစ်ကြောတိုလျှက်၊ဖြစ်ပျက်ရှုခါ၊ဒို့သာသနာသာထွက်စရာရှိပြောလိုဘိ၏။
ရှိပြီးသိက္ခာစောင့်ပုံမှာကားနွားသားအမိ၊မြက်စားဘိသို့၊နာသည့်တရားမပြားအာရုံ၊သဒ္ဓါထုံကာ၊ပီတိဖြာလျှက်၊
ဝမ်းသာမဆုံး၊ ပြောမဆုံးကာ၊ သူဖြစ်ပွားသည်၊ မှတ်သားကြ သောတာပန် လက္ခဏာ (၇) ဖြာတည်း။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဥပနိဿယ အတိုင်းစီစဉ်ပါသည်။

“ ကျွန်ုပ် ထံရောက်ရှိလာသော ဓမ္မလက်ဆောင် အားပြန်လည်မျှဝေပါသည်။ ”