-->
စိတ်မရှိတဲ့ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ ငါဟာ မိမိစိတ်ကို နိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * အသက်မရှိတဲ့ သစ်သားကို လှည်းဘီးလို ဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ ငါဟာ မိမိတရားအပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ * * * * * * * * * * သက်မဲ့ဖြစ်တဲ့ ဝါးလုံးကို မြှားတံလို ဖြောင့်တန်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲ စိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ

Monday, March 25, 2013

“ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ ”

 photo Buddha_zps7539b3f3.gif

" ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ "

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ၊ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်။
မစဲနေ့ည၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်။
ဓာရဏနှင့်၊ ဓမ္မစင်္ကြာ
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်
လုံလောက်လှပြီ၊ မရပ်တည်နှင့်။
ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊ သံသရာဝဋ်
ထွက်လွတ်စေကြောင်း၊ လမ်းမှန်ကောင်းဟု
ညွတ်ပြောင်းစိတ်ထဲ၊ ယုံကြည်စွဲလျှက်
အမြဲနေ့ည၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ။     ။

( မင်္ဂလာဗျူဟာအသင်း ဥက္ကဋ္ဌ၊ မဟာသဒ္ဓမဇောတိကဓဇ ဦးအောင်သိမ်း )

အဓိပ္ပါယ်ရှင်းပြစရာမလိုပါဘူး၊ ဒါနတွေပြုနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊ ဘုရားရှိခိုးနေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊
ပရိတ်ပဋ္ဌာန်းတွေရွတ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး၊ ဂုဏ်တော်ပုတီးတွေစိပ်နေရုံနဲ့ မကျေနပ်ပါနဲ့ဦး။ ဒါပေမယ့် အဲဒါတွေကို ဖြတ်စရာမလိုပါဘူး တဲ့၊ လှူမြဲလှူပါ၊ သီလတွေလဲ ဆောက်တည်မြဲ ဆောက်တည်ပါ၊ ပရိတ်ပဋ္ဌာန်းတွေလဲ ရွတ်မြဲရွတ်ပါ၊ ဂုဏ်တော်ပုတီးတွေလဲ စိပ်မြဲစိပ်ပါ၊ မဖြတ်လိုက်ပါနဲ့။

ဒါပေမယ့် အဲဒီလောက်နဲ့တော့ ရပ်မနေပါနဲ့ဦး၊ နိဗ္ဗာန်ကိုတကယ်လိုချင်တယ်ဆိုရင်တော့ ဝိပဿနာအလုပ်ကိုလည်း ဆက်ပြီးတော့ အားထုတ်ပါဦး တဲ့၊ ဝိပဿနာအလုပ်ကို တကယ်အားထုတ်မှ အားထုတ်တဲ့အတိုင်းလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှ မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ တွေ့ရကျိုးနပ်ပါလိမ့်မယ်တဲ့။

ဟုတ်ပါတယ်။ သံသရာနဲ့ချီပြီး တွေ့ကြုံဖို့ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံနေရတဲ့အခိုက် ဝိပဿနာစခန်းအထိမတက်လှမ်းဘဲ ဒါန၊ သီလ၊ သမထလောက်နဲ့ပဲ ကျေနပ်ပြီး ရပ်တန့်လမ်းဆုံးနေမယ်ဆိုရင် ဗုဒ္ဓသာသနာနဲ့ တွေ့ကြုံရကျိုး မနပ်ပါဘူး။ တစ်ဖက်က ဒါန၊ သီလ၊ သမထအလုပ်တွေကို လုပ်ရင်းနဲ့ တစ်ဖက်ကလည်း ဝိပဿနာအလုပ်ကို တွဲဖက်ပြီးလုပ်သွားပါမှ ဗုဒ္ဓသာသနာနဲ့ တွေ့ကြုံရကျိုးနပ်ပါတယ်။

ဝိပဿနာအလုပ်ဆိုလို့လည်း ဘုရားရှေ့မှာ တင်ပျဉ်ခွေထိုင်၊ မျက်စိမှိတ်ပြီး မလှုပ်မယှက်နဲ့ တစ်နာရီ၊ နှစ်နာရီထိုင်နိုင်မှ လုပ်လို့ရတဲ့ အလုပ်လို့ သွားမယူဆလိုက်နဲ့ဦးနော်။ ဝိပဿနာအလုပ်ဆိုတာ အဲ့လိုကြီးထိုင်နိုင်မှ လုပ်လို့ရတဲ့အလုပ်မဟုတ်ပါဘူး။ သွားသွား၊ ရပ်ရပ်၊ ထိုင်ထိုင်၊ လျောင်းလျောင်း၊ ခန္ဓာကိုယ်ရဲ့ ဘယ်အနေအထားမျိုးမှာမဆို လုပ်လို့ရပါတယ်။

အရှုခံအာရုံကလည်း ဘယ်ဟာကိုမှရယ်လို့ မူသေကန့်သတ်ချက်မရှိပါဘူး။ အဆင်ပြေတဲ့အာရုံကိုရှုလို့ရပါတယ်။ ဝင်လေထွက်လေအဆင်ပြေရင် ဝင်လေထွက်လေကို အာရုံထားပြီးရှု၊ တခြား ကိုယ်နှုတ်စိတ် အမူအရာ အဆင်ပြေရင် ထင်ရှားရာ ကိုယ်နှုတ်စိတ် အမူအရာကို အာရုံထားပြီးရှု၊ အဆင်ပြေသလိုရှုနိုင်ပါတယ်။

ဝင်လေထွက်လေကို အာရုံထားပြီး အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ ဝင်လေကို အာန၊ ထွက်လေကို အပါနလို့ခေါ်တာမို့ ဝင်လေထွက်လေကို ရှုမှတ်ရတဲ့ ကမ္မဋ္ဌာန်ကို အာနာပါန ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။

ဝင်လေထွက်လေဟာ ကိုယ်သတိပြုသည်ဖြစ်စေ၊ ကိုယ်သတိမပြုသည်ဖြစ်စေ၊ ကိုယ်သိသည်ဖြစ်စေ၊ ကိုယ်မသိသည်ဖြစ်စေ အမြဲထင်ရှားရှိနေပါတယ်။ အသက်ရှင်နေတဲ့ လူတစ်ယောက်အတွက် ဝင်လေထွက်လေ ရပ်ဆိုင်းနေတဲ့ အချိန်ရယ်လို့ မရှိပါဘူး။ အိပ်ပျော်နေတဲ့ အချိန်မှာတောင် အဆက်မပြတ်ရှိနေပါတယ်။

အသက်မရှုတဲ့ပုဂ္ဂိုလ်ခုနှစ်ဦးရှိပါတယ်။ အမိဝမ်းမှာ ပဋိသန္ဓေနေသူ၊ ရေနစ်နေသူ၊ မေ့မျောနေသူ၊ သေသူ၊ စတုတ္ထဈာန်ဝင်စားနေသူ၊ ရူပဘဝ အရူပဘဝရောက်နေသူ၊ နိရောဓသမာပတ်ဝင်စားနေသူ၊ ဒီပုဂ္ဂိုလ် ခုနှစ်ဦးကတော့ ဝင်လေထွက်လေ မရှိပါဘူး။ သူတို့ကိုတော့ ချွင်းချက်အနေနဲ့ချန်လှပ်ထားလိုက်ပါ။

ဝင်လေပြန်မထွက်တော့တဲ့အချိန်၊ ထွက်လေပြန်မဝင်တော့တဲ့အချိန်ဟာ သေတဲ့အချိန်ပါပဲ။ ဒါကြောင့် ရုပ်နာမ်ခန္ဓာ အဆက်မပြတ် ရှင်သန်နေမှုမှာ ဝင်လေထွက်လေက အဓိက ပဓာနကျပါတယ်။ ဝင်သက်ထွက်သက်ဆိုတဲ့အတိုင်း ဘဝတစ်ခုရဲ့အသက်ဟာ ဝင်လေထွက်လေဖြစ်လို့ ဝင်လေထွက်လေကို သတိကပ် ရှုမှတ်ရတဲ့ အာနာပါန ကမ္မဋ္ဌာန်းဟာလဲ ဝိပဿနာယောဂီတိုင်းရဲ့ " အသက်သွေးကြော ကမ္မဋ္ဌာန်းကြီး " ဖြစ်ပါတယ်။

ဝင်လေထွက်လေနဲ့ ပက်သက်တဲ့ ရုပ်နာမ်ရဲ့ သဘောသဘာဝတွေကို ပိုင်နိုင်သွားရင် ကျန်တဲ့ရုပ်နာမ်အားလုံးရဲ့ သဘောသဘာဝတွေကိုပါ ပိုင်နိုင်သွားတာမို့ အာနာပါန ကမ္မဋ္ဌာန်းကို အညှာကိုင် ကမ္မဋ္ဌာန်း လို့လည်းခေါ်နိုင်ပါတယ်။

အိပ်ချိန်၊ နိုးချိန်တိုင်းမှာ ထင်ရှားရှိနေတဲ့အတွက် ရှုမှတ်ရတာလည်းလွယ်ကူ၊ မရပ်မနားလည်း အဆက်မပြတ်ရှုမှတ်နိုင်တာကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် သတ်မှတ်ပြီးအားထုတ်တာဟာ လူအများစုအတွက် အသင့်တော်ဆုံးပါပဲ။

အာနာပါနကမ္မဋ္ဌာန်းကို မသိနားမလည်သူတွေက သမထကမ္မဋ္ဌာန်းလို့ ထင်မှတ်စွပ်စွဲကြပါတယ်။ သူတို့ထင်မှတ်စွပ်စွဲသလိုမဟုတ်ပါဘူး။ အာနာပါနကမ္မဋ္ဌာန်းဟာ သမထ၊ ဝိပဿနာ စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ သမထလိုရှုရင် သမထဖြစ်ပြီး၊ ဝိပဿနာလိုရှုရင် ဝိပဿနာဖြစ်ပါတယ်။

ဝင်လေထွက်လေ လေကြောင်းနောက်ကိုလိုက်ပြီး ပုံသဏ္ဍာန် နိမိတ်၊ အရိပ်အရောင်တွေကို ရှုနေရင် သမထဖြစ်ပါတယ်။ လေနောက်မလိုက်ဘဲ နှာသီးဝ လေထိရာ တစ်နေရာတည်းကနေ ထိမှုသဘော၊ လှုပ်ရှားတွန်းကန်မှုသဘောကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး ထင်ရှားလာအောင် ရှုနေရင် ဝိပဿနာဖြစ်ပါတယ်။

အာနာပါ နဿတိသုတ္တာန်မှာ မြတ်စွာဘုရားရှင်က အာနာပါနကိုရှုပွားရင် သတိပဋ္ဌာန်လေးပါးလုံးကို ရှုပွားပြီးသားဖြစ်တယ်။ သတိပဋ္ဌာန်လေးပါးရှုပွားရင် ဗောဇ္ဈင်ခုနှစ်ပါးကိုလည်း ပွားများပြီးသားဖြစ်တယ်။ ဗောဇ္ဈင်ခုနှစ်ပါး ပွားများရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ဆိုက်ရောက်နိုင်တယ်လို့ မိတ့်ကြားတော်မူပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းနဲ့ ရဟန္တာအထိဖြစ်နိုင်တယ်လို့ဆိုပါတယ်။ သုတ္တန်တစ်ခုမှာဆိုရင် အာနာပါန ရှုပွားတဲ့သူဟာ တစ်ထိုင်တည်းနဲ့တောင် ရဟန္တာအထိ ဖြစ်နိုင်တယ်လို့ မိန့်ကြားတော်မူပါတယ်။

ဒါကြောင့် အာနာပါန ကမ္မဋ္ဌာန်းကို နိဗ္ဗာန်သွားတဲ့ဖြတ်လမ်း၊ နိဗ္ဗာန်သွားတဲ့ လမ်းတို လို့ ရှေးသူတော်ကောင်းတွေက မိန့်ဆိုတော်မူကြပါတယ်။ ဆရာတော်ကြီးတစ်ပါးကဆို အာနာပါန ကမ္မဋ္ဌာန်းကို "သက်ဦးဆံပိုင်ကမ္မဋ္ဌာန်း"လို့တောင် တခမ်းတနား ချီးမွမ်းဂုဏ်တင်တော်မူခဲ့ပါတယ်။

အာနာပါနကမ္မဋ္ဌာန်းဟာ သမ္မာသမ္ဗုဒ္ဗဘုရားရှင်တိုင်းရဲ့ လက်သုံးကမ္မဋ္ဌာန်းကြီး ဖြစ်ပါတယ်။ ဘုရားရှင်တိုင်း၊ ဘုရားရှင်တိုင်းဟာ အာနာပါန ကမ္မဋ္ဌာန်းကိုပဲ ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရှုပွားရင်းနဲ့ ဘုရားဖြစ်တော်မူကြပါတယ်။ တစ်ခြားကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တဲ့ ဘုရားရယ်လို့ တစ်ဆူမှ မရှိပါဘူး။ နောင်လည်းဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ဒီအချက်ကိုက အာနာပါန ကမ္မဋ္ဌာန်းဟာ ဘယ်လောက်ကြီးကျယ်မြင့်မြတ်တယ်၊ ဘယ်လောက်ထိပ်တန်းအကျဆုံးဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

ရှုမှတ်နည်းကတော့ နှာသီးဝလေထိတဲ့နေရာမှာ သတိကို (စိတ်ကို) ကပ်ထားပြီး လေဝင်ရင် "ဝင်တယ်"၊ လေထွက်ရင် "ထွက်တယ်" လို့ ရှုမှတ်ရုံပါပဲ။ လေဝင်သွားတဲ့အခါမှာနှာသီးဝကိုထိပြီးဝင်သွားပါတယ်။ ထိတဲ့နေရာလေးမှာ သတိကို (စိတ်ကို) ကပ်ထားပြီး ဝင်တယ်လို့ ရှုမှတ်ရပါမယ်။ အတွင်းဝင်သွားတဲ့ လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့လွင့်မှုဖြစ်ပါတယ်။

 လေထွက်သွားတဲ့အခါမှာ နှာသီးဝကိုထိပြီး ထွက်သွားပါတယ်။ ထိတဲ့နေရာလေးမှာ သတိကို (စိတ်ကို) ကပ်ထားပြီး “ထိတယ်” လို့ရှုမှတ်ရပါမယ်။ အပြင်ထွက်သွားတဲ့ လေကြာင်းနောက်စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့လွင့်မှု ဖြစ်ပါတယ်။

“ ဝင်လေဝင်တိုင်းထိ၊ ထိတိုင်းသိ၊ ထွက်လေထွက်တိုင်းထိ၊ ထွက်တိုင်းသိ၊ ဒါဆိုရင် အကုန်လုံးကိစ္စပြီးပါတယ်” ဆိုတဲ့ ဝေဘူဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားတော်မူချက်ကို တသိတည်းသိနေအောင် ရှုမှတ်ကြရပါမယ်။
         
          ဝင်ထိ၊ ထွက်ထိ ထိသဘောလေးကို နှစ်ဆယ့်လေးနာရီ တစ်စပ်တည်းရအောင်များ အားထုတ်နိုင်ခဲ့ရင်တော့ သိသိသာသာထူးခြားလာပါလိမ့်မယ်။ ရိပ်သာပြင်ပမှာနေတဲ့ ပုဂ္ဂိုလ်များအနေနဲ့ အဲဒီလောက်အထိ မစွမ်းနိုင်ရင်တောင် ငါးမိနစ်ရရင် ငါးမိနစ်၊ ဆယ်မိနစ်ရရင် ဆယ်မိနစ် တစ်စပ်တည်းရအောင် လုပ်ကြည့်ရင် သိသာလာပါလိမ့်မယ်။

          ထူးခြားတဲ့ စိတ်တည်ငြိမ်အေးချမ်းမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စိတ်နေစိတ်ထားကြီးကျယ်မြင့်မြတ်မှုများနဲ့ အတူ မရေမတွက်နိုင်တဲ့ လောကီ၊ လောကုတ္တရာကောင်းကျိုး ချမ်းသာတွေကို အံ့သြဖွယ်ရာ ကိုယ်တိုင်တွေ့ကြုံခံစားလာရပါလိမ့်မယ်။

          အာနာပါန ကမ္မဌာန်းဟာ အခုရှု၊ အခုချမ်းသာ၊ အခုငြိမ်းအေး၊ အမြန်ဆုံးသိသာတဲ့ ကမ္မဌာန်းပါ။

          အာနာပါနကမ္မဌာန်းဟာ ထိုင်ချိန်မှာသာ အားထုတ်နိုင်တာ မဟုတ်ပါဘူး။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းသောက်ရင်းလည်း အားထုတ်နိုင်ပါတယ်။ တစ်ချိန်တည်းအလုပ်နှစ်ခုပြီးတဲ့ ကမ္မဌာန်းပါ။

          ဝိပဿနာကုသိုလ်ကို အလွယ်တကူရယူနိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို အလွယ်တကူဆိုက်ရောက်စေနိုင်တာဟာ အာနာပါနကမ္မဌာန်းပါပဲ။

          သမ္ပဇညဝိပဿနာနဲ့ပက်သက်ပြီး အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ မြတ်စွာဘုရားရှင်ရဲ့ ဝိပဿနာလမ်းစဉ်ဟာ သတိပြဌာန်းပြီး၊ သတိဦးဆောင်ပြီးလုပ်ရတဲ့ အလုပ်ဖြစ်လို့ သတိပဌာန်ကျင့်စဉ်လို့လဲခေါ်ပါတယ်။ သတိပဌာန်တရားဟာ အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုဒ်မရွေး၊ အချိန်မရွေး ကျင့်ကြံအားထုတ်လို့ ရပါတယ်။

          ဝိပဿနာ ရှုရမယ့်တရား၊ ရှုပုံရှုနည်းနဲ့ ရှုရမယ့်အချိန်၊ နေရာတွေကို အတိုဆုံးနဲ့ အပြည့်စုံဆုံး ဖော်ပြနိုင်အောင် ခုလိုဆောင်ပုဒ် နှစ်ခုစီထားပါတယ်။

          ဖြစ်ခိုက်ရုပ်နာမ်၊
          ဖြစ်တိုင်းဟန်၊
          ဧကန်မှတ်သိမှု။
          အလုပ်, နေရာ၊
          ဣရိယာ၊
          ချိန်ခါမရွေးရှု။

          “ ဖြစ်ခိုက်ရုပ်နာမ် ” ဆိုတဲ့စကားနဲ့ ဝိပဿနာရှုရမယ့်တရားကိုဖော်ပြပါတယ်။ ရုပ်တရား၊ နာမ်တရား (ကိုယ်အမူအရာနဲ့စိတ်အမူအရာ) ကို ဝိပဿနာရှုကြရပါမယ်။ ရုပ်ထင်ရှားရင်ရုပ်၊ နာမ်ထင်ရှားရင်နာမ်၊ အထင်ရှားဆုံးတစ်ခုကို ရှုကြရပါမယ်။

          ရုပ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး ရုပ်ကိုချည်းမရှုရပါဘူး။ နာမ်သက်သက်ပဲ ရှုမယ်ဆိုပြီး နာမ်ကိုချည်း မရှုရပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရှုရုံ၊ နာမ်သက်သက်ရှုရုံနဲ့ တရားမရနိုင်မဂ်မကျနိုင်လို့ပါပဲ။

          ဒါပေမယ့် ရုပ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု စသည်တို့ကို တစ်ပြိုင်နက်၊ တစ်ပေါင်းတည်း ရှုဖို့တော့မလိုပါဘူး၊ ထင်ရှားတဲ့ ရုပ်နာမ်တစ်ခုခုကို ရှုမှတ်ပြီးသိရင် တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို ရှုခြင်းကိစ္စ၊ သိခြင်းကိစ္စလဲ အလိုလိုပြီးစီးသွားပါတယ်။

          ရှုတဲ့ရုပ်နာမ်ကလည်း ဖြစ်ပြီးခဲ့တဲ့ အတိတ်ရုပ်နာမ်၊ မဖြစ်သေးတဲ့ အနာဂတ်ရုပ်နာမ် မဟုတ်ရပါဘူး။ “ ဖြစ်ခိုက်ရုပ်နာမ် ” ဆိုတဲ့အတိုင်းလောလောဆယ်ဖြစ်နေဆဲ ပစ္စုပ္ပန်ရုပ်နာမ်ကိုသာ ရှုရပါမယ်။

          အတိတ်ရုပ်နာမ်ကလည်း ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။ အနာဂတ်ရုပ်နာမ်ကလည်း မဖြစ်သေးလို့ မရှိသေးပါဘူး။ မရှိတဲ့ ရုပ်နာမ်ကို ရှုနေလို့ ဝိပဿနာဉာဏ်အစစ် မဖြစ်နိုင်ပါဘူး။ “ ဘူတံ ဘူတတော ပဿတိ ” ဆိုတဲ့အတိုင်း လောလောဆယ် ထင်ရှားရှိနေဆဲ ဖြစ်ခိုက်ရုပ်နာမ်၊ ပစ္စုပ္ပန်ရုပ်နာမ်ကို ရှုမှသာ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်ပါတယ်။


          “ ဖြစ်တိုင်းဟန် ” ဆိုတဲ့စကားနဲ့ ဝိပဿနာရှုပုံရှုနည်းကို ဖော်ပြပါတယ်။ ဝိပဿနာရှုတယ်ဆိုတာ ပါဠိစကားလုံးတွေ၊ အဘိဓမ္မာစကားလုံးတွေ၊ စိတ်စေတသိက်သရုပ်တွေ၊ ရုပ်သရုပ်တွေကို အထူးအထွေကျက်မှတ်ပြီး အဲဒီအတိုင်းလိုက်ရှုရမှာ မဟုတ်ပါဘူး။ အဲဒီလို ကျက်မှတ်ပြီး ရှုနေရင် သုတမယဉာဏ် (တစ်ဆင့်ကြားအသိ)၊ စိန္တာမယဉာဏ် (ကြံတွေးအသိ) ပဲဖြစ်နိုင်ပါတယ်။ ဘာဝနာမယဉာဏ် (ကိုယ်တွေ့အသိ၊ မျက်မှောက်အသိ) မဖြစ်နိုင်ပါဘူး။
         
          လောလောဆယ်ဖြစ်နေတဲ့ ကိုယ်အမူအရာ(ရုပ်)၊ စိတ်အမူအရာ (နာမ်) ကို ဖြစ်နေတဲ့အတိုင်းလေး ရိုးရိုးရှင်းရှင်း ရှုမှတ်ရပါမယ်။
         
          ဥပမာ - ကိုယ်အမူအရာ(ရုပ်)အနေနဲ့ သွားရင် “ သွားတယ်”၊ ရပ်ရင် “ ရပ်တယ် ”၊ ထိုင်ရင် “ ထိုင်တယ် ”၊ လျောင်းရင် “ လျောင်းတယ် ”၊ ကွေးရင် “ ကွေးတယ် ”၊ ဆန့်ရင် “ ဆန့်တယ် ” လို့ ရှုမှတ်ရပါမယ်။ “ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက် ဟောကြားထားတဲ့ ရှုမှတ်နည်းပါပဲ။
         
          စိတ်အမူအရာ (နာမ်) အနေနဲ့ လိုချင်ရင် “ လိုချင်တယ် ”၊ တပ်မက်ရင် “ တပ်မက်တယ် ”၊ စိတ်ဆိုးရင် “ စိတ်ဆိုးတယ် ”၊ တွေးရင် “ တွေးတယ် ”၊ ပျင်းရင် “ ပျင်းတယ် ” လို့ ရှုမှတ်ရပါမယ်။ “ သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားတဲ့ ရှုမှတ်နည်းပါပဲ။ နေ့စဉ်သုံးစွဲနေကျ၊ အမြဲခေါ်ဝေါ်နေကျ စကားလုံးအတိုင်း ရှုမှတ်ရပါမယ်။
         
          ဆောင်ပုဒ်ထဲမှာပါတဲ့ “ အလုပ် ” ဆိုတာ အလုပ်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ဝိပဿနာတရားဟာ အလုပ်မရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်အလုပ်လုပ်နေရလို့ ဝိပဿနာမရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
         
          ချက်ပြုတ်တဲ့ စားသောက်တဲ့အလုပ်၊ ဖွပ်လျှော်တဲ့ ဝတ်ဆင်တဲ့အလုပ်၊ ပြောဆိုတဲ့ နားထောင်တဲ့အလုပ်၊ ဈေးရောင်းတဲ့ ကားမောင်းတဲ့အလုပ်၊ ကိုင်တွယ်တဲ့ ထုနှက်တဲ့အလုပ်၊ ဘာအလုပ်ပဲလုပ်လုပ် သတိထည်းပြီးလုပ်ရင် ဝိပဿနာဖြစ်ပါတယ်။
         
          သတိထည့်ပုံကလည်း မခက်ပါဘူး။ “ ဖြစ်တိုင်းဟန် ” ဆိုတဲ့အတိုင်း ကိုယ်လုပ်နေတဲ့ အလုပ်ကို လုပ်နေတဲ့အတိုင်းလေးမှတ်လိုက်၊ သိလိုက်ဖို့ပါပဲ၊ ဥပမာ - ထမင်းလုပ်ဝါးရင် “ ဝါးတယ် ” စသည်အားဖြင့်ပေါ့။
         
          “ နေရာ ” ဆိုတာက နေရာမရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ဝိပဿနာတရားဟာ နေရာမရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်နေရာရောက်နေလို့ ဝိပဿနာမရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
         
          ဘတ်စ်ကားပေါ်မှာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ၊ ရုံးခန်းထဲမှာ၊ ဈေးထဲမှာ၊ ဧည့်ခံပွဲ ပရိသတ်ထဲမှာ ဘယ်နေရာမှာဖြစ်ဖြစ် သတိထည့်ပြီးနေရင် ဝိပဿနာဖြစ်ပါတယ်။
         
          ဝိပဿနာတရားဆိုတာ ဘုရားခန်းလို တင့်တယ်တဲ့ နေရာမျိုးမှာမှ ရှုမှတ်လို့ရတာ မဟုတ်ပါဘူး။ အိမ်သာလို မတင့်တယ်တဲ့ ညစ်ပတ်နံစော်တဲ့နေရာမျိုးမှာလည်း ရှုမှတ်လို့ရပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင် “ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ = ကျင်ကြီးကျင်ငယ်စွန့်ရင်းလည်း သတိ၊ ပညာနဲ့စွန့်ပါ ” လို့ တိုက်ရိုက်ဟောတော်မူပြီးသားပါ။
         
          အိမ်သာတက်ရင် အိမ်သာတက်ရင်း ကုသိုလ်ရပါတယ်။ စွန့်ချင်ရင် “ စွန့်ချင်တယ် ”၊ စွန့်ရင် “ စွန့်တယ် ”၊ နံရင် “ နံတယ် ”၊ ဗိုက်နာရင် “ နာတယ် ” လို့ မှတ်သိနေရုံပါပဲ။
         
          လွယ်သလောက် ခရီးရောက်တာ သတိပဋ္ဌာန်ပါ။ ယူတတ်ရင် ကုသိုလ်က နေရာတိုင်းမှာ ရနိုင်ပါတယ်။ အိမ်သာတက်ရင်းနဲ့တောင် ဝိပဿနာကုသိုလ် ယူနိုင်တယ်ဆိုတော့ တခြားနေရာဆို မပြောနဲ့တော့။
       
           “ ဣရိယာ ” ဆိုတာ ဣရိယာပုတ်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ဝိပဿနာတရားဟာ ဣရိယာပုတ်မရွေး ရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်ဣရိယာပုတ်ဖြစ်နေလို့ ဝိပဿနာမရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
         
          သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းလို့ ဣရိယာပုတ် လေးပါးရှိတယ်ဆိုတော့ သွားရင် “ သွားတယ် ”၊ ရပ်ရင် “ ရပ်တယ် ”၊ ထိုင်ရင် “ ထိုင်တယ် ”၊ လျောင်းရင် “ လျောင်းတယ် ” လို့ရှုမှတ်နေရုံပါပဲ။ လွယ်လိုက်တာမပြောပါနဲ့တော့။ ခွံပေးတဲ့ထမင်းလုပ် ဝါးရတာလောက်တောင် မခက်ခဲပါဘူး။
         
          “ ချိန်ခါမရွေးရှု ” ဆိုတာကတော့ ရှင်းပါတယ်။ အချိန်မရွေးရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ဝိပဿနာတရားဟာ အချိန်မရွေးရှုမှတ်လို့ရတဲ့ တရားပါ။ ဘယ်အချိန်ဖြစ်နေလို့ ဝိပဿနာမရှုနိုင်ဘူး ဆိုတာ မရှိစေရပါဘူး။ မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး ညအိပ်ရာဝင်အိပ်ပျော်သွားတဲ့ အချိန်အထိ အချိန်တိုင်းမှာ သတိကပ်ထားရင် ဝိပဿနာ ဖြစ်ပါတယ်။
         
          အိပ်ရာနိုးတဲ့အချိန်မှာ “ နိုးတယ် ” လို့ရှုမှတ်ပြီး တစ်နေ့တာအချိန်ကို စတင်လိုက်ပါ။ အဲဒီနောက် တစ်နေ့တာလုံး မြင်တဲ့အချိန်မှာ “ မြင်တယ် ”၊ ကြားတဲ့အချိန်မှာ “ ကြားတယ် ”၊ နံတဲ့အချိန်မှာ “ နံတယ် ”၊ မွှေးတဲ့အချိန်မှာ “ မွှေးတယ် ”၊ စားတဲ့အချိန်မှာ “ စားတယ် ”၊ ထိတဲ့အချိန်မှာ “ ထိတယ် ”၊ သိတဲ့အချိန်မှာ “ သိတယ် ” လို့ရှုမှတ်ပြီး တစ်နေ့တာအချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ။ ညအိပ်ရာဝင်တဲ့ အချိန်ကျတော့ “ အိပ်တယ် ” လို့ ရှုမှတ်ရင်း တစ်နေ့တာအချိန်ကို အဆုံးသတ်လိုက်ပါ။
         
          အဲဒီလိုအားဖြင့် အာနာပါန ဝိပဿနာနဲ့ သမ္ပဇညဝိပဿနာကို ရှေ့သတိနဲ့ နောက်သတိ၊ ရှေ့သမာဓိနဲ့ နောက်သမာဓိ၊ ရှေ့ဉာဏ်နဲ့နောက်ဉာဏ် ဆက်စပ်သွားအောင် အကြားမလပ် ရှုမှတ်နိုင်ပြီဆိုရင် တစ်ချိန်ထက်တစ်ချိန် မိမိရဲ့ ဝိပဿနာဉာဏ် ရင့်ကျက်ထက်မြက်လာပါလိမ့်မယ်။
         
          အရင့်ကျက်ဆုံး ဝိပဿနာဉာဏ်၊ အထက်မြက်ဆုံးဝိပဿနာဉာဏ်ရဲ့ အခြားမဲ့မှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေ ဆက်တိုက်ဖြစ်ပြီးတော့ ဆင်းရဲခပ်သိမ်း လုံးဝငြိမ်းတဲ့ ချမ်းသာစစ်စစ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလိမ့်မယ်။
       
          နိဗ္ဗာန်ချမ်းသာကို တစ်ကြိမ်တစ်ခါ မျက်မှောက်ပြုခွင့် ရပြီဆိုရင်ပဲ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်နေပါပြီ။ သောတာပန်အရိယာ ဖြစ်သွားတာမို့လို့ အပါယ်တံခါးလည်း လုံး၀ ပိတ်သွားပါပြီ။
         
          ဒါပေမယ့် မကျေနပ်ပါနဲ့ဦး၊ သောတာပန်ဖြစ်ပြီးရင် သကဒါဂါမ်ဖြစ်အောင်၊ သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်အောင်၊ အနာဂါမ်ဖြစ်ပြီးရင် ရဟန္တာဖြစ်အောင် ဝိပဿနာအလုပ်ကို ဆက်အားထုတ်ပါဦး။ ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုခွင့်ရမှသာ ဘဝခန္ဓာအသစ်တွေ ထပ်မဖြစ်တော့ဘဲ ဆင်းရဲခပ်သိမ်း အပြီးတိုင်ချုပ်ငြိမ်းပြီး ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါလိမ့်မယ်။


အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားတော်မူသော -
ရဟန်းဘာကြောင့်ပြုရတယ် စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။

Download this PDF: ရဟန်းဘာကြောင့်ပြုရတယ် (5.3 MB)

Download this Mp3: ရဟန်းဘာကြောင့်ပြုရတယ် (92.7 MB)

Saturday, March 16, 2013

ဝိပဿနာအနှစ်ချုပ် တရားတော်


အရှင်ကောသလ္လ - ဟောကြားတော်မူသော
ဘာသာရေးအခြေခံတရားတော် မှ ၀ိပဿနာအနှစ်ချုပ် တရားတော်


Download this mp3 from mediafire ၀ိပဿနာ အနှစ်ချုပ် တရားတော်

Wednesday, March 6, 2013

မဟာသတိပဋ္ဌာနသုတ် အဖွင့် မြန်မာပြန်

ဝိပဿနာတရား အားထုတ်မည့်သူတိုင်း ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းပါတယ် ဓမ္မမိတ်ဆွေ။


Dhammadownload Link
မဟာသတိပဋ္ဌာနသုတ် အဖွင့် မြန်မာပြန် (13.2 MB)

Mediafire Link
မဟာသတိပဋ္ဌာနသုတ် အဖွင့် မြန်မာပြန် (13.25 MB)